Thursday, December 27, 2018

နှစ်သစ်ကူးရုံးပိတ်ရက်၌ အထူးရထားများ ပြေးဆွဲမည်

နှစ်သစ်ကူးရုံးပိတ်၌ ရန်ကုန်-နေပြည်တော်နှင့် ရန်ကုန်- မန္တလေး ခရီးစဉ်များအတွက် အသွား/အပြန် အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 
“ခရီးသည်တွေ အဆင်ပြေအောင် ရက်အလိုက် ဆွဲပေးမှာပါ။ လက်မှတ်ဈေးနှုန်း မူလအတိုင်းပဲ။ လုံးဝ မပြောင်းလဲဘူး။ နှစ်သစ်ကူး ရုံးပိတ်အတွက် အထူးရထား ဆွဲပေးတာ ပထမဆုံးပဲ”ဟု ၎င်းက ဆိုသည်။ 

ယခုအစိုးရလက်ထက်မှစ၍ ယခင်သင်္ကြန်နှစ်ကူးရုံးပိတ် ၁၀ ရက်အစား ငါးရက်အဖြစ် ပြောင်းလဲသတ်မှတ်ကာ တန်ဆောင်းတိုင်ရုံးပိတ်ရက်၊နှစ်သစ်ကူးရုံးပိတ်ရက်တို့ဖြင့် အစားထိုး ပိတ်ပေးခြင်းဖြစ်သည်။ 

နှစ်သစ်ကူး ရုံးပိတ်ခရီးစဉ်များအဖြစ် ဒီဇင်ဘာလ ၂၈ ရက်၌ နေပြည်တော်-ရန်ကုန် အထူးရထား ပြေးဆွဲမည့်ဖြစ်ပြီး နေပြည်တော်ဘူတာမှ ည ၉နာရီခွဲ စတင်ထွက်ခွာမည်ဖြစ်သည်။ 

ဒီဇင်ဘာလ ၂၉ရက်တွင် ရန်ကုန်-မန္တလေး အထူးရထားခရီးစဉ်အဖြစ် ရန်ကုန်ဘူတာကြီးမှ ညနေ ၆ နာရီ ထွက်ခွာမည်ဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်တွင် မန္တလေး-ရန်ကုန် အထူးရထားခရီးစဉ်အဖြစ် မန္တလေး ဘူတာကြီးမှ ညနေ ၆ နာရီ ၁၅ မိနစ်၌ စတင်ထွက်ခွာမည်ဖြစ်သည်။ 

“ကျွန်မတို့က ဝန်ထမ်းဆိုတော့ နှစ်ကူးရုံးပိတ်ရက်လေးကို ရထားခရီးစဉ် ဆွဲပေးတော့ အဆင်ပြေတယ်။ လက်မှတ်ဈေးလည်း အပြောင်းအလဲ မရှိပါဘူး”ဟု မန္တလေး အထူးရထားခရီးစဉ် ကြိုတင်လက်မှတ် လာဖြတ်သူ ဒေါ်သန်းသန်းက ဆိုသည်။ 

ထို့အတူ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၌ ရန်ကုန်-နေပြည်တော် အထူးရထားအဖြစ် ရန်ကုန်ဘူတာကြီးမှ ည ၉ နာရီခွဲ ထွက်မည်ဖြစ်ပြီး အထူးရထားခရီးစဉ် အားလုံး၏ ကြိုတင်လက်မှတ်များကို ဒီဇင်ဘာလ ၂၇ ရက်၌ နံနက်ပိုင်းမှစ၍ ဗိုလ်ချုပ်လမ်းအနီးရှိ ရက်ကြိုလက်မှတ်ရုံ၌ ရောင်းချပေးနေပြီဖြစ်သည်။

The Voice


0 comments:

Post a Comment