Saturday, December 1, 2018

ရန်ကုန်တိုင်းအစိုးရ စီမံကိန်းလုပ်ငန်းကြီးများတွင် ၀ဲလည်နေဟု လွှတ်တော်ကိုယ်စားလှယ် ဝေဖန်


NLD အစိုးရ လက်ထက် ၃ နှစ်နီးပါး အချိန်အတွင်း ရန်ကုန်တိုင်းအစိုးရဟာ စီမံကိန်း လုပ်ငန်းကြီးတွေမှာ ဝဲလည်နေပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုလည်း ဆောင်ရွက်စေချင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ပြောဆိုလိုက်ပါတယ်။ 
အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “ပြည်သူတွေ ဝန်ဆောင်မှုကောင်းတဲ့ လုပ်ငန်းတွေကို ပိုပြီးတော့ လုပ်ပေးစေချင်တယ်။ မန္တလေးဆိုလို့ရင် လျှပ်စစ်၊ နောက်ပြီးတော့ လမ်းတွေ၊ နောက်ပြီးတော့ ပြည်သူတွေ နေ့စဉ်ထိတွေ့နေရတဲ့ ကိစ္စတွေကို အဓိကထား လုပ်ဆောင်နေတာ တွေ့ရတယ်။ ကျမတို့ဆီမှာလည်း စီမံကိန်းကြီးတွေ လုပ်တာလည်း လုပ်ပေါ့။ တဖက်ကလည်း ပြည်သူတွေ လက်တလော ခံစားနေရတဲ့ ပြဿနာတွေပေါ့။ အခြားတိုင်းနယ် ပြည်နယ်တွေ ဘာကြောင့် တိုးတက်လဲ၊ ကိုယ့်တိုင်းနှင့်ပြည်နယ် ဘာကြောင့်မဖြစ်တာလဲ၊ ဒါလေးတွေကြည့်ပြီး လုပ်စေချင်တာပေါ့နော်။ ကျမတို့မြင်တာတော့ စီမံကိန်းကြီးတွေနဲ့ လည်နေတယ်လို့ မြင်တယ်” လို့ ဆိုပါတယ်။ 

နေပြည်တော်ကောင်စီအပါအဝင် မြန်မာနိုင်ငံအတွင်းက တိုင်းနှင့်ပြည်နယ်အသီးသီးရဲ့ အစိုးရအဖွဲ့တွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အကဲဖြတ်ကြည့်ပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ဟာ များစွာနိမ့်ကျနေတာ တွေ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက မှတ်ချက်ပြုပါတယ်။ 
“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကော၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီရော နှစ်ခုစလုံးမှာ အားနည်းချက်တွေ အများကြီးရှိနေတယ်။ စွမ်းဆောင်ရည် အများကြီးနိမ့်နေတယ်လို့ ပြောလို့ရတယ်။ တနိုင်ငံလုံးမှာ အများပြည်သူက ရွေးကောက်တဲ့ စည်ပင်ကိုယ်စားလှယ် အကုန်ပြီးသွားပြီ။ ရန်ကုန်မှာ အခုထိ မရွေးရသေးဘူး။ စည်ပင်ဥပဒေသစ် အတည်ပြုပြီးမှ ရွေးမယ်လို့ပြောတယ်၊ အခုထိဘာမှ မကြားရသေးဘူး။ အဲလိုပဲ နိုင်ငံခြား ချေးငွေဆိုလည်း သန်း ၅၀၀ ချေးထားတယ်။ နောက် ပြည်တွင်းဘတ်ဂျတ်တွေလည်း ရှိသေးတယ်။ ထိထိရောက်ရောက် မြင်သာထင်သာအောင် လုပ်နိုင်ကိုင်နိုင်တာ မရှိသေးဘူး” လို့ ဦးအောင်ကျော်ကျော်ဦးက ဆိုပါတယ်။ 

ဒီအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဦးစားပေးလုပ်ဆောင်ပြီး အောင်မြင်မှုရှရှိနေတဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီတို့ရဲ့ လုပ်ဆောင်မှုတွေအပေါ် နည်းနာယူ ဆောင်ရွက်သင့်တယ်လို့ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။ 

လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့နေပြည်သူတွေအနေနဲ့ ယာဉ်ကြောပိတ်ဆို့တာ၊ လမ်းကျဉ်းမြောင်းတာ၊ လမ်းမီးတိုင်တွေ လျှပ်စစ်မီးလင်းမှု မရှိတာတွေကို အဓိက ဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

DVB

0 comments:

Post a Comment