Tuesday, December 25, 2018

တရုတ်မှာ ဘတ်စ်ကားနဲ့ လူတွေကိုဝင်တိုက် ၈ ဦးသေဆုံး


တရုတ်ပြည်အရှေ့ပိုင်းမှာ ဘတ်စ်ကားတစီး ပြန်ပေးဆွဲခံရပြီး၊ လမ်းသွားလမ်းလာတွေကို ၀င်တိုက်ခဲ့လို့ ၈ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။ 
ဖူးကျန့်ပြည်နယ် လုံကျန်းမြို့မှာ ဓါးမြှောင်ကိုင်ဆောင်ထားသူတဦးက ဘတ်စကားတင်္စီးကို လုယူခဲ့တာပါ။ သူဟာ ကားကို မလုခင် ကားပေါ်ပါ ခရီးသည်အမျိုးသမီးတဦးကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

တရုတ် သတင်းမီဒီယာတခုက ထုတ်လွှင့်တဲ့ ဗီဒီယို မှတ်တမ်းအရ ကြေမွပျက်စီးနေတဲ့ ဘတ်စကား ခြေနင်းခုံတွေမှာ သွေးတွေ ပေကျံနေပုံ၊ လမ်းပေါ်မှာ လူတွေလဲကျနေပုံ၊ မြေပြင်မှာ ရဲနဲ့ လူတယောက် လုံးထွေး သတ်ပုတ်နေပုံတွေ တွေ့မြင်ရပါတယ်။ 

သေဆုံးသူ ၅ ဦးထဲမှာ ရဲတပ်ဖွဲဝင်တဦး ပါဝင်တယ်လို့ သိရပါတယ်။ 

တရုတ်ပြည်မှာ ဒီနှစ်အတွင်း အလားတူဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းကလည်း နိုင်ငံအရှေ့မြောက်ပိုင်းက မူလတန်းကျောင်းတကျောင်းရှေ့ လမ်းဖြတ်ကူးနေတဲ့ ကလေးတအုပ်ကို ကားတစီးက ၀င်တိုက်ခဲ့လို့ ၅ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

အောက်တိုဘာလကလည်း ရှီကျန်းပြည်နယ်မှာ ဓါးထိုးမှုကျူးလွန်ခဲ့ပြီး ထွက်ပြေးလာသူတဦးက လူအုပ်ထဲ ကားနဲ့ ၀င်တိုက်ခဲ့လို့ သုံးဦးသေဆုံးခဲ့ပါတယ်။ 

အလားတူ ဟူနန်ပြည်နယ်မှာလည်း လူတယောက်က ထရပ်ကားနဲ့ လူအုပ်ထဲဝင်တိုက်ခဲ့ပြီး၊ ဓါးနဲ့ထိုး၊ ဂေါ်ပြားနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ၁၁ ဦး သေဆုံးပြီး ၄၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
  
တရုတ်ပြည်မှာ လတ်တလော ဆယ်စုနှစ်တွေအတွင်း ရာဇ၀တ်မှုတွေ ထူပြောလာခဲ့တာဟာ ဆင်းရဲ ချမ်းသာ ကွာဟမှု မြန်မြန်ဆန်ဆန် ကြီးထွားလာနေလို့ဖြစ်တယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။ 

လေ့လာချက်တွေအရ နေ့စဉ်လူမှုဘ၀ရဲ့ မြန်ဆန်မှု အရှိန်မြင့်တက်လာနေတာနဲ့အမျှ၊ လက်တွေ့ဘ၀က မလိုက်နိုင်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ဖိတ်ခေါ်နေသလိုဖြစ်နေတယ်လို့လည်း ဖေါ်ပြပါတယ်။

RFA

0 comments:

Post a Comment